ကလောင်တံ၊ စက္ကူ ၊ ကဗျာရေးသူ တို့ ... လမ်းခွဲ
ကဗျာရေးသူ လက်ချောင်းတွေ အသားမာတတ်နေရဲ့...
ကလောင်တံက သနားစွာမော့ကြည့်ယင်း
သူ့သွေးစက်တွေတော့ ပေးဆပ်နေရတုန်းပဲ...။..။
ချမရေးဖြစ်ခဲ့တာတွေအတွက် အားနာပါရဲ့...။..။
အချို့ကဗျာတွေက ကလောင်ရဲ့သွေးစက်နဲ့ မတန်ဘူး...။..။
အချို့ကဗျာတွေက ကလောင်ရဲ့သွေးစက်ထက် တန်ဖိုးကြီးတယ်...။..။
အချို့ကဗျာတွေက ............................. ။...။
ကဗျာရေးသူက အတ္တတွေကို အဖြူရောင် စက္ကူထက် စွန်းထင်းစေတယ်...။..။
ကဗျာရေးသူက မာနတွေကို အဖြူရောင် စက္ကူထက် ညစ်နွမ်းစေတယ်...။..။
ကဗျာရေးသူက................................. ။...။
စက္ကူလေးက အားငယ်တဲ့ မျက်ဝန်းလေးနဲ့
စွန့်ပစ်လေမလား ၊ တန်ဖိုးထားလေမလား စိုးရိမ်နေရဲ့
ကဗျာက ပြောတယ်...
ကဗျာ ကို အမှန်ခြစ် ၊ အမှားခြစ် ကျေးဇူးပြုပြီး မခြစ်ပါနဲ့
ကဗျာ က ဘာသာမဲ့ ၊ ၀ါဒမဲ့ ၊ မဲ့မဲ့...မဲ့...မဲ့ ပါ...။..။
ကဗျာ က ကဗျာရေးသူကိုပြောတယ်
ခင်ဗျားကို အရမ်းမုန်းတယ်တဲ့ ...။..။
ကဗျာရေးသူရဲ့ ကဗျာတစ်ပုဒ်မှာ မျက်ရည်စိုခဲ့ပြီ...။..။
ကလောင်တံက ကဗျာဆရာကိုပြောတယ်
ခင်ဗျားကို အရမ်းမုန်းတယ်တဲ့...။..။
ကဗျာရေးသူရဲ့ ကဗျာတစ်ပုဒ်မှာ မျက်ရည်စိုခဲ့ပြီ...။..။
ကဗျာစာရွက်လေးက ကဗျာရေးသူကိုပြောတယ်
ခင်ဗျားကို အရမ်းမုန်းတယ်တဲ့...။..။
ကဗျာရေးသူ........................................။..။
ကမ္ဘာကြီးက ကဗျာရေးသူကို တိုးတိုးလေးပြောတယ်...။..။
ခင်ဗျားကို ကျနော် တန်ဖိုးထားပါတယ်တဲ့...။..။
ကဗျာရေးသူ ... နာကျင်စွာ ... ကမ္ဘာကို ကျောခိုင်းပစ်လိုက်သည်။..။
လူသစ်