နာဂစ်မုန်တိုင်းမှ
ကြက်ခြေခတ်များ
ကျနော်သည်
အသက်ခြွေ နာဂစ်မုန်တိုင်း ဖြစ်ပြီးနောက် NCV (မွန်မြတ်ဂရုဏာရှင်များ) အဖွဲ့ထဲကို သူငယ်ချင်းနှစ်ယောက်နှင့်
အတူ ဘော်လန်ဒီယာအဖြစ် ၀င်ရောက်လှုပ်ရှားခဲ့သည်။ ကျနော်တို့ အဖွဲ့ရုံးခန်းမှာ နာဂစ်မုန်တိုင်း
ဖြစ်ပွားမှုနှင့် အနီးကပ်ဆုံးမြို့ တစ်မြို့ဖြစ်သည့် ဘိုကလေးမြို့ပေါ်တွင်ဖြစ်သည်။ ထိုနေရာတွင်
အထိုင်ချပြီး နာဂစ်ဒါဏ်သင့်နေရာများသို့ ပစ္စည်းများဖြန့်ဝေလှူဒါန်းပေးခဲ့သည်။
ယခုတစ်ခေါက်တော့
ကျနော်တို့အဖွဲ့သည် သမိန်ပုလဲရွာသို့ ပစ္စည်းဝေရန် ရောက်ရှိခဲ့သည်။ ကျနော်တို့ အဖွဲ့
ပစ္စည်းဖြန့်ဝေလှူဒါန်းမှုပုံစံမှာ ထိုရွှာရှိ အိမ်ထောင်စု အရည်အတွက်(အိမ်ထောင်စုဝင်လူဦးရေ)
ဖြင့် ဖြန့်ဝေပေးခြင်းဖြစ်သည်။ အိမ်ထောင်ဦးစီးဖြစ်စေ၊ အိမ်ထောင်စုဝင်ဖြစ်စေ တစ်ဦးဦးမှ
လက်မှတ်ထိုးပြီး လက်ခံယူရသည်။
ပစ္စည်းစတင်ဝေချိန်တွင်
ကျနော်သည် လက်မှတ်ထိုးရမည့်စရင်းစာအုပ်ရှေ့တွင် ထိုင်နေရပြီး ပစ္စည်းလာရောက်ထုတ်ယူသူများအား
လက်မှတ်ထိုးခိုင်းရသည့်နေရာတွင်ထိုင်ရသည့် တာဝန်ကိုယူလိုက်သည်။ အခြားအသင်းဝင်များက
ပစ္စည်းများကို မမှားအောင်စစ်ဆေးပြီးပေးသည့် နေရာတွင် ၀ိုင်းဝန်းလုပ်ဆောင်နေကြသည်။
ပစ္စည်းထုတ်ယူမည့်
ပထမတစ်ဦးရောက်လာသည် ကျနော်က လက်မှတ်ထိုးခိုင်းသည့်နေရာကိုပြသည် ထိုသူမှာ ဘောပင်ကို
တုံယင်စွာကိုင်ပြီး လက်မှတ်တစ်ခုထိုးလိုက်သည်။ မြင်လိုက်ရသည့် လက်မှတ်ကြောင့် ကျနော်ပြုံးမိသွားသည်။
ထိုလက်မှတ်သည် ကြက်ခြေခတ်တစ်ခုသာဖြစ်သည်။ ကျနော် အမှန်တကယ်ကိုပြုံးမိလိုက်ခြင်းဖြစ်သည်။
ကျနော်စိတ်ထဲတွင်ထိုသူကို လောင် လိုက်မိခြင်းဖြစ်သည်။ ထိုသူအသက်မှာ ၃၀ ပတ်ဝန်းကျင်ခန့်ရှိမည်ထင်သည်
(အလုပ်အကိုင်ကြောင့် ရင့်ရော်နေခြင်းလဲဖြစ်လောက်သည်)။ ထိုသူသည် ပစ္စည်းလက်ခံရယူပြီး
ခါးလေးကိုင်းကာ ကျနော့်ရှေ့မှ ပြန်ထွက်သွားသည်။
တစ်ယောက်၊
နှစ်ယောက် ၊ သုံးယောက် ပစ္စည်းထုတ်ယူသူတွေများလာသည်။ ကျနော့် ပစ္စည်းလက်ခံရရှိကြောင်း
လက်မှတ်ထိုးသည့် စရင်းစာအုပ်လေးထဲထွင်လဲ ကြက်ခြေခတ်များ တစ်စတစ်စများလာသည်။ ပတမအစဦးကလို
ကျနော် မပြုံးရယ်နိုင်တော့ပါ ကျနော်ငိုချင်စိတ်ပေါက်လာသည်။ လူအယောက်လေးဆယ်ကျော်တွင်
အမှန်တကယ်လက်မှတ်ဟုသတ်မှတ်နိုင်သည့်လက်မှတ်က ၅ခုလောက်သာရှိနေသည်။ အသေချာဆုံးသော ကောက်ချက်ကိုချရလျှင်
အမှားခြစ်လက်မှတ်ထိုးသွားသူများမှာ စာမတတ်သူများသာဖြစ်သည်။ ကျနော့်ခံစားနိုင်မှုစွမ်းအားသည်
ကုန်ခမ်းသွားပြီဖြစ်သည် ထို့ကြောင့် ပစ္စည်းဝေနေသည့် သူငယ်ချင်းတစ်ယောက်နှင့်နေရာ ချိန်းလိုက်ပြီး
ပစ္စည်းဝေသည့်နေရာသို့ပြောင်းရွေ့လိုက်သည်။
ကျနော်တို့
ဘိုကလေးမြို့ကိုပြန်ရောက်တော့ အဖွဲ့ခေါင်းဆောင်ကမေးတယ် ခရီးက ဘယ်လိုနေလဲတဲ့
ကျနော်နှုတ်ဖျားက
ငိုသံစွက်စကားတစ်ခွန်းထဲထွက်ကျသွားသည် “သူတို့စာမတတ်ကျဘူးဗျာ”
ကျနော်တို့အရမ်းကံကောင်းခဲ့သည်
ကျနော်တို့စာတတ်ခဲ့သည် အသိပညာပေါင်းစုံပေးသော စာများဖတ်နိုင်ခဲ့သည်။ အမှားခြစ်လက်မှတ်ထိုးသူများသည်
ဘာအသိမှ သူတို့မှ မရှိကြ ကြားဖူးနားဝ လက်တွေ့ဘ၀တွေနဲ့သာ လောကကိုရင်ဆိုင်နေရသည်။
တစ်ချိန်ချိန်တော့ သူတို့ဘ၀လေး တိုးတတ်ပါစေ
လူသစ်